ပညာမတတ်ရင် စစ်ထဲဝင်မှာပေါ့
By abma | July 8, 2010
၁၉၉၀ ခုနှစ် စက်တင်ဘာလက မန္တလေးမှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တခုပါ ။ နှစ်၂၀ ဆိုတဲ့ ကာလကြောင့် ဘယ်မြို့နယ်ဘယ်ကျောင်းဘယ်ရက်လို့တော့ အတိအကျမမှတ်မိတော့ပါ ဘူး ၊ ဖြစ်ပုံကဒီလိုပါ ။
ကျွန်တော် မန္တလေးထောင်(နန်းတွင်း)ရဲ့ ၂တိုက်ထဲမှာရှိနေချိန်တစ်ညနေမှာ တိုက်ထဲကိုလူ သွင်းတဲ့အသံ ဆူညံ ဆူညံ တွေကြားတာကြောင့် ထုံးစံအတိုင်းတိုက်ရှေ့ ရေမြောင်းပေါက် သေးသေးလေးကနေ စပ်စုလိုက်ပါတယ် ။
(မန္တလေးထောင်ကတိုက်တွေက ၂၄ပေအရှည် ၁၀ ပေအကျယ်ကို တံခါးနှစ်ထပ်နဲ့ဖြစ်ပါတယ် ၊ အတွင်း၁၂ ပေ၁၀ပေကို ကွန်ကရိအမိုးနဲ့ သံတိုင်တံခါးနဲ့ဖြစ်ပြီး ထောင်ပိုင်လှည့်တဲ့နေ့မျိုး ၊ ပြစ်ဒါဏ်ပေးထားတဲ့ နေ့မျိုး တွေနဲ့ ညတိုင်းမှာ အဲဒီအထဲမှာပဲနေရပါတယ် ၊ ပုံမှန်တော့ မနက်ခြောက်နာရီထောင်ဖွင့်လူစစ်ပြီးတာနဲ့ အတွင်း သံတံခါး လာဖွင့်ပေးပြီး အပြင်သစ်သား တံခါးပိတ်သွားတာကြောင့် ရှေ့ကောင်းကင်မြင်ရတဲ့ အမိုးမဲ့အခန်း လေးထိ နေရပါတယ် ၊ တခန်းနဲ့တခန်းကို ၈ပေအမြင့် အုတ်ရိုးတွေကာထားပြီး ရှေ့ဘယ်ညာမှာ၆လက္မလောက် ကျယ်တဲ့ အပေါက်နဲ့ အခန်းချင်းဆက်လျက်ရေမြောင်းရှိပါတယ် ၊ ပစ္စည်းပေးပစ္စည်းယူ စကားပြော အဲဒီ အပေါက်ကလေး ကနေပဲလုပ်ကြပြီး လူသစ်ရောက်လို့မျက်နှာမြင်ဖူးချင်ကြရင် တော့ ထောင်ဝါဒါနဲ့တန်းစီး လစ်တဲ့အချိန် ၈ပေ အုတ်ရိုးပေါ်ခုန်တက် အုတ်ရိုးပေါ်ဗိုက်မှောက် စကားပြော ၊ တခါတခါတော့ လဲအခန်းပါ ရဲရဲကူးလုပ်ကြတာပါပဲ ။ )
ချက်ချင်းကို ၀ုန်းကနဲဒေါသထွက် တောက်ခေါက်ရတဲ့ခံစားမှုဖြစ်သွားလောက်အောင် သိလိုက်ရတာက ၊ ရောက်လာတာ အသက်ဆယ့်သုံးနှစ်ကနေ ဆယ့်ငါးနှစ် အတွင်း ခုနှစ်တန်းနဲ့ရှစ်တန်း ကျောင်းသားလေးတွေပါ ၊ ကိုယ်မှ၁၇နှစ်ဆိုတဲ့အချိန် ငယ်လှပြီထင်နေတာ ကိုယ့်ထက်ငယ်တဲ့ လူမမယ်လေးတွေကို ထောင်ထဲ (တိုက်ထဲ)မှာတွေ့လိုက်ရတော့ စိတ်မကောင်း ဖြစ်တာနဲ့ ဒေါသဖြစ်တာ တပြိုင်ထဲခံစားမိတာပါ ။
ဘယ်လိုဖြစ်လာကြတာလဲ သေချာမေးကြည့်တော့ ကျောင်းမှာအဆောင်သစ်ဖွင့်ပွဲလုပ်တာ ၊ ဗိုလ်ချုပ်ခင်ညွန့် လာဖွင့်ပေးပြီးမိန့်ခွန်းပြောတော့ မိန့်ခွန်းမှာ “သားတို့ပညာတတ်တွေ ဖြစ်ဘို့လိုတယ် ပညာမတတ်ရင် ဘာလုပ် မလဲ”လို့ ပြောတဲ့အချိန် ကျောင်းသားအုပ်ထဲကနေ “ပညာမတတ်ရင်စစ်ထဲဝင်မှာပေါ့” လို့ တစ်ယောက်ကအော် လိုက်တော့ “ဟေး” ဆိုပြီး လက်ခုတ်တွေဝိုင်းတီးကြတာကြောင့် ဗိုလ်ချုပ်ခင်ညွန့်ရှက်ပြီး အသံကြားရာတ၀ိုက် က ကျောင်းသားမှန်သမျှ ဖမ်းစစ်ခိုင်း လို့ ပါလာကြတာပါတဲ့ ။
စစ်တပ်ကအာဏာသိမ်းပြီးတာ၂နှစ်ပြည့်ပြီဖြစ်တဲ့အဲဒီအချိန်ထိ မန္တလေးကိုနိုင်နင်း အောင်မအုပ် ချုပ်နိုင်သေး ပါဘူး၊ သံဃာတော်တွေရဲ့ဦးဆောင်မှုနဲ့ မစိုးရိမ်တိုက် ဟောင်းတိုက်သစ် ၊ ဘုရားကြီးတိုက်စတဲ့ဘုန်းကြီး ကျောင်းတွေမှာ ကျောင်းသား တွေစုရုံး ၊ သမဂ္ဂရုံးတွေဖွင့်နဲ့ သပိတ်စခန်းလိုနေနိုင်နေကြပြီး ရှစ်လေးလုံး အရေး တော်ပုံ၂နှစ်ပြည့်နေ့မှာတောင် မန္တလေး တစ်မြို့လုံးကို သံဃာနဲ့ကျောင်းသားတွေ စီတန်းလမ်းလျှောက် လှည့်နိုင်ခဲ့တာပါ ၊ မန္တလေး ကျောင်းသားထုရဲ့ အဲဒီအချိန် နိုင်ငံရေးနိုးကြားမှုက အခြေခံပညာကျောင်းသား လေးတွေတောင် ဗိုလ်ချုပ်ခင်ညွန့်လိုအဆင့်ကို ထပြောင်ရဲလောက် အောင် အံ့မခန်းရှိခဲ့တာပါပဲ ။
တက်ကြွစိတ်ကြောင့်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တဘက်စောင်းနင်းပြောနေမှုတွေကိုမခံချင်လို့ ဦးဆောင် ထအော်သူ နောက်က ညာသံပေးလိုက်သာအော်ခဲ့ကြတာ တကယ်တမ်းက ခလေးတွေသာဖြစ် ကြတဲ့အလျောက် ထောင် ရဲ့ဒုက္ခဆိုတာတွေနဲ့ နဘူးတွေ့ဒူးတွေ့လဲတွေ့လာရရော ငိုတဲ့သူငို ၊ ညည်းတဲ့သူညည်းပေါ့ ၊ အဲဒီတော့ ရှစ်လေး လုံးအရေးတော်ပုံ ၂နှစ်ပြည့်နေ့ စီတန်း လှည့်လည်မှုကနေ အဖမ်းခံရပြီးရောက်လာတဲ့ မန္တလေးခရိုင် အခြေခံပညာကျောင်းသားသမဂ္ဂရဲ့ အတွင်းရေးမှုး မိုးကျော်လေး(သူလဲအသက်၁၇နှစ်)နဲ့တိုင်ပင်ပြီး ခလေး တွေ(ပြောသာပြောရတယ် ကိုယ်တွေကလဲခလေးကြီးတွေသာပါ)စိတ်ဓါတ်မြှင့်တင်ရေးလုပ်ကြတာပေါ့ ၊ နိုင်ငံ ရေး သီိချင်းတွေဆိုပြတာ ၊မိန့်ခွန်းပြောတာတွေ လုပ်ကြတာပေါ့ ၊ကျောင်းသားသမဂ္ဂကိုအသိမှတ်ပြုစိတ် ၊ သူတို့ ခေါင်းဆောင်ကိုအသိမှတ်ပြုစိတ် ကလေးတွေ ဆီိမှာရှိတယ်ဆိုတာ မိုးကျော်လေးလဲ မိန့်ခွန်းပြောပြီးရော အားလုံးလက်ခုတ် ၀ိုင်းတီးပြီးကျောင်းသားသမဂ္ဂသီချင်းဝိုင်းဆိုကြတာ ၊ နောက်နေ့တိုက်ပိတ်ခံကြရတဲ့ အထိ ပါပဲ ။
မိုးကျော်လေးရဲ့မိန့်ခွန်းကိုမှတ်မိသလောက်ပြန်ပြောရရင် “ရဲဘော်တို့…..။ ဒီနေ့စစ်တပ်က ပြည်သူကိုမတရား အနိုင်ကျင့် ဖိနှိပ်နေမှုတွေကြောင့် လူတွေက ရွံမုန်းပြီး စစ်ထဲဝင်မဲ့သူမရှိဖြစ် နေတာ ၊ အိမ်ပြေးတွေ ၊ အခြေ အနေမဲ့တွေ ၊ အမှုအခင်း ကျူးလွန်မိသူတွေ ၊ရီးစားနဲ့အဆင် မပြေဖြစ်အသဲကွဲသူတွေ၊ စာမေးပွဲကျလို့ဘာ ကြောင့်ညာကြောင့်စိတ်ညစ်နေသူတွေသာ စစ်တပ် ထဲရောက်နေကြတာ ၊ ခင်ညွန့်ကို ပညာမတတ်ရင် စစ်ထဲဝင်မှာပေါ့လို့ လှောင်ပြောင်ခဲ့တာ မင်းတို့အမှန်ပဲ ၊ ကိုယ်မှန်တယ်ထင်ရာကိုလုပ်ပြီး ဒီိထောင်ဆိုတဲ့ အခြေနေဆိုးကြီးတွေ့ရတာ ငါတို့ ဘာမှဝမ်းနည်းနေစရာမလိုဘူး ၊ မင်းတို့ ငါတို့လို လူမမယ်ခလေး တွေကို ၊ လက်နက်မဲ့ ကျောင်းသားတွေကို ခင်ညွန့်လိုစစ်ဗိုလ်ချုပ်တွေက ရန်သူကြီးတွေလို ကြောက်ပြီး ထောင်ထဲ ပို့လိုက်တာ ငါတို့မင်းတို့အတွက် ဂုဏ်ယူစရာ တောင်ကောင်းသေးတယ် ၊ ငါတို့ အခြေခံပညာကျောင်းသား တွေရဲ့သမိုင်းသစ်ကို ဖွင့်လိုက်ပြီ ၊ စိတ်ဓါတ်မကျကြနဲ့ မင်းတို့ ငါတို့နောက်မှာ ငါတို့ပြည်သူတွေ ရှိတယ်”တဲ့။
အဲဒီကလေးတွေရဲ့ အင်မတန်ချီးကျူးစရာအကောင်းဆုံးကိစ္စကတော့ သူတို့ကို MI1 စစ်ထောက်လှမ်းရေး တစ်ကနေ ဘယ်သူစအော်တာလဲ ၊ ဘယ်သူတွေက မြှောက်ပေးနေ တာမျိုးရှိလဲဆိုတာ နေ့တိုင်းလို ခြောက်လိုက်ချော့လိုက်နဲ့ လာလာစစ်နေတာ ၊ တစ်လ ကျော်လောက်နေတော့ မိဘတွေပါခန်ဝံလုပ်ပြီး လွတ်သာ သွားကြတယ် ၊ လုံးဝမဖေါ် သွားပါဘူး ။
ကြာခဲ့ပြီ ၊ နှစ်၂၀ ပင်ပြည့်တော့မည် ။ “ပညာမတတ်ရင်စစ်ထဲဝင်မှာပေါ့” ဆိုတဲ့ကလေးတွေ ပညာတတ် ကြီးတွေဖြစ်ပြီး စစ်တပ်နဲ့ကင်းကင်းနေရင်း လုပ်ငန်းခွင် တွေမှာဝင်နေလောက်ပြီ ၊ အဲဒီခလေးတွေရဲ့ အဲဒီကာလကစိတ်ဓါတ်မျိုး ၊ အမြင်မျိုး ခုအခြေခံပညာကျောင်းသားတွေရော တက္ကသိုလ်ကျောင်းသားတွေမှာပါ ဘယ်လောက်ရှိနိုင်မလဲ တွေးရင်း…,
မျှော်လင့်ရင်း…… ။
ကြီးကြီးငယ်ငယ်သော ကျောင်းသားထုအားဦးညွတ်အလေးပြုလျက်
၄၈ နှစ်မြောက် 7JULY နေ့အမှတ်တရ ။
မောင်ချင့်ချိန်
ကံမရှိပဲပြုတ် ဉာဏ်မရှိရဲလုပ် ဟူ၍လည်း တချိန်က ဗမာပြည်မိဘများထံမှ ကြားဖူးပါသေးသည်။
ပေးပို့သူကိုကိုအားကျေးဇူးအထူးတင်ရှိပါသည်။













